မေဓာဝီဘလော့ သုံးသပ်ချက်


အင်္ဂလန်တစ်နေရာကနေ အခြေစိုက်တဲ့ဘလော့လေးပါ။ သုံးနှစ်ကျော်သက်တမ်းရှိပြီဆိုတော့ ရင့်ကျက်မှုအပြည့်ရှိပြီလို့ ပြောရလိမ့်မယ်။ ဒါပေမယ့် တိမ်၊ လေ၊ ရေတို့မှာ မျောပါနေတုန်းပါပဲ။

Visual Aesthetics – 7
ဘာမှမပြောင်း မူရင်း Template ဆိုရင် Douglas Bowman ရဲ့လက်ယာလို့သာ မှတ်။ ၂၀၀၄ ဒီဇိုင်းတွေမှန်သမျှ သူ့လက်ယာချည်းပဲ များတယ်။ မေဓာဝီရဲ့ဘလော့ဒီဇိုင်းလည်း သူ့လက်ရာပေါ့။ ရိုးတယ်၊ ရှင်းတယ်။ အပြာရောင်မိုးသားအောက်က နေရောင်နဲ့အတူ မျောပါနေတဲ့ တိမ်တိုက်တွေကို နောက်ခံထားပြီး နေရောင်ရှိရာဆီကို ပျံသန်းနေတဲ့ငှက်တစ်ကောင်ဟာ ဘလော့ရဲ့လိုဂိုဖြစ်ပါတယ်။ ဘယ်ဘက်ခြမ်း နေရာင်ထက်နားလေးမှာ “တွေ့မိတွေးရာ ရေးမိရေးရာ” ဆိုတဲ့ စာကြောင်းကိုတွေ့မြင်နိုင်ပြီး၊ ညာဘက်ခြမ်းမှာတော့ “ရပ်လို့မနေ သွားရင်းသေမည် အမှန်တရားဆီ ရဲရဲချီ” ကဗျာပိုဒ်ကို တွေ့ကြရမှာပါ။ ဘလော့တစ်ခုလုံးရဲ့နောက်ခံအရောင်က အပြာရောင်။ body ထဲမှာ မြန်မာဖွန့်ကုဒ်မထည့်ထားတဲ့အတွက်အကြောင့် စာလုံးတွေဖတ်ရပြုရတာ အဆင်မပြေဘူး။


User Friendliness – 10
မေဓာဝီရဲ့အရေးအသားတွေကို လူတိုင်းက နှစ်သက်ကြတယ်။ ဘလော့လိပ်စာကလည်း ဘလော့တော်တော်များများမှာ တွေ့ရတယ်။ ညီလင်းဆက်၊ နိုင်းနိုင်းစနေ၊ မေဓာဝီနာမည်ဆိုရင် ဘလော်ဂါတွေ တော်တော်များများ ရင်းရင်းနှီးနှီး ရှိဖူးပြီးသား၊ ကြားဖူးပြီးသားပါ။ ဖတ်ရပြုရတာလည်း အဆင်ပြေတယ်။ ညာဘက်ဘေး sidebar မှာ Archive ထားတဲ့အတွက် ဘယ်ခုနှစ်၊ ဘယ်လ၊ ဘယ်ရက်တုန်းက ဘာတွေရေးခဲ့တယ်ဆိုတာ အလွယ်တကူ ရှာဖွေလို့ရတယ်။ နောက်ပြီး label လေးတွေလုပ်ထားတဲ့အတွက်လည်း ကဗျာ၊ဆောင်းပါး၊ ဘာသာရေး စတာလေးတွေကို လွယ်လွယ်ကူကူ ဖတ်ရှုလို့ရတယ်။ ဓာတ်နဲ့ ဗီဒီယိုဖိုင်မရှိတဲ့အတွက်လည်း သုံးရတာ ပေါ့ပေါ့ပါးပါးဖြစ်တယ်။


Reading Enjoyment – 10
ကဗျာသမား၊ စာသမားတွေများ မေဓာဝီဘလော့ကို သဘောကျကြတယ်။ စာရေးဆရာတော့မဟုတ်ဘူး ၊ သို့သော် တစ်ချို့စာရေးဆရာများထက် တော်တယ်။ ဘာသာရေးနဲ့ပတ်သက်ရင် မေဓာဝီက တစ်ခြားဘလော့တွေထက် ပိုပြီး သာလွန်တဲ့အနေအထားမှာရောက်နေတယ်။ ကြာတွေ ရေတွေနဲ့အတူပျော်သလို စာပေ၀ါသနာရှင်ဘလော့ဂါတွေလည်း မေဓာဝီဘလော့မှာ ပျော်ကြတယ်။


Useful Info – 10
အဘိဓမ္မာအခြေခံအကြောင်းသိချင်ရင် မေဓာဝီဆီသွား။ ကဗျာအချို့ခံစားချင်ရင်လည်း မေဓာဝီဆီသွား။ စာအကြောင်းပေအကြောင်းပြောချင်လည်း မေဓာဝီဆီသွားပါ။


Overall Experience – 10

တကယ်ကို ရှိသင့်ရှိထိုက်တဲ့ဘလော့၊ လုံးမရပ်သင့်တဲ့ဘလော့။ နက်နက်နည်းနည်းသိဖို့ အဘိဓမ္မာလိုသလို နက်နက်နည်းနည်းခံစားတတ်ဖို့ကလည်း ကဗျာလိုတယ်။ ဒီလိုအပ်မှုတွေ ရရှဖို့အတွက် မေဓာဝီဘလော့ကို သွားရောက်လည်ပတ်စေချင်ပါတယ်။

http://maydar-wii.blogspot.com/

Filed Under:

About the Author

Ashin Mettacara