အမှတ်တရ မွေးနေ့





မေလ (၁)ရက်နေ့မှာ မွေးသည်။ မေဒေးဟု အမည်ပေးခဲ့သည်။ ဒါကြောင့် ဟိုငယ်ငယ်က မေဒေး မအေပေးဟု လူကြီးတစ်ချို့ကစခဲ့ကြ၊ နောက်ခဲ့ကြသည်။ ဒါကိုလည်း မခံမရပ်နိုင်ဖြစ်ရတာမို့ မိခင်ဖြစ်သူကို မေဒေးဆိုတဲ့ နာမည်ကိုပြောင်းပေးဖို့ အကြိမ်ကြိမ် တောင်းပန် ပူစာခဲ့ဖူးသည်။ သို့သော် ပတ်ဝင်ကျင်က လက်မခံခဲ့ကြ၊ သူတိုက မေဒေး ဆိုတဲ့နာမည်လေးကိုပဲ သဘောကျလို့ပါတဲ့။ ကိုရင်ဖြစ်တော့လည်း ကိုရင်မေဒေးလို့ပဲ ခေါ်ခဲ့ကြသည်။ ခန္တီးစာသင်တိုက်မှာ သုံးနှစ်လောက်နေပြီးတော့ ရန်ကုန်မြို့ကို ပြောင်းပြီးစာသင်ထွက်ခဲ့ရသည်။ ရန်ကုန်ကိုပြောင်းတော့ ကိုရင်မေဒေး ၀န်းသိုမြို့ကို ခပ်စိမ်းစိမ်းပဲ အဝေးက နေပြခဲ့သည်။ ရဟန်းခံမည့် အချိန်ကျမှ ၀န်းသိုမြို့ကို ပြန်ကြွခဲ့သည်။ အလည်ပြန်တော့ လူတွေသိပ်မမှတ်မိကျတော့ဘူး။ ကိုယ့်မွေးရပ် ဇာတိမြေက ကိုယ့်ကိုပါ စိမ်းကားသွားသလိုမျိုး ခံစားရခဲ့သည်။ ဒါကြောင့်လည်း မေဒေးဆိုတဲ့ နာမည်က ပျောက်လောက်ပြီလို့ ထင်နေခဲ့သည်။ ရဟန်းခံပြီး သိပ်မကြာပါ။ ဦးဇင်းဖြစ်လာပြန်တော့လည်း ဦးဇင်းမေဒေး လို့ပဲ လူတွေက ပြန်ခေါ်ခဲ့ကြပြန်သည်။ နောက်ပိုင်းတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ကိုယ့်မွေးရက်က( ၁)မို့ သဘောကျခဲ့သည်။

မေးဒေး အကြောင်းပြောပြီးတော့ မွေးနေ့အကြောင်းလေးပြောချင်သေးသည်။ ကိုယ့်မွေးနေ့ကို ဘယ်တုန်းကမှ စိတ်ကို မ၀င်စားခဲ့တာ။ မွေးနေ့တစ်ရက်ရောက်တိုင်း သေရမည့် တစ်ရက် နီးလာသလို ခံစားရသည်။ မွေးနေ့လုပ်ဖူးတာဆိုလို့ သီရိလင်္ကာမှာတုန်းက တစ်ခေါက်ပဲ။ အဲ့ဒီတုန်းက မအိန်ဂျလ်က စပွန်ဆာလုပ်ပေးခဲ့သလို၊ သီရိလင်္ကာနိုင်ငံရဲ့ အထင်ကရ ပါတီတစ်ခု ဖြစ်သည့် JHU ပါတီတည်ထောင်သူနှင့် လက်ရှိ ပါလီမန်မှာလည်း သြဇာအရှိဆုံး ဆရာတော် အသူလိယေ ရတနထေရ် ကိုယ်တိုင်ကြွရောက်ခဲ့သည်။ သီရိလင်္ကာကနေ မွမ်ဘိုင်းကိုပြောင်းပြန်တော့ မွေးနေ့က ခရီးသွားတဲ့ အချိန်နှင့် တိုက်ဆိုင်နေလို့ မလေးရှားက ထက်မြတ်တို့ ဇနီးမောင်နံနှစ်ယောက်က စီစဉ်ပြီးလုပ်ပေးခဲ့ကြသည်။ တိုးတိုးတိတ်တိတ်လေးပါပဲ။ ဒီနှစ်ကျတော့ ဘာမှကို မလုပ်ဖြစ်တာ။ ဖိအားတွေများနေတာ၊ အဆင်မပြေမှုတွေများနေတာကြောင့် ဘာမှကို လုပ်ချင်ကိုင်ချင်စိတ်မရှိဘူး။ ဒါပေမယ့် ဘ၀မှာ တစ်ခါမှ မထင်မှတ်ထားတာတွေဟာ ဖြစ်လာတယ်။ မွေးနေ့ကဒ်တွေက မနေ့က နိုင်ငံပေါင်း ၁၈ နိုင်ငံက စာအိပ်၂၅အိပ်။ ဒီနေ့မှာတော့ နိုင်ငံပေါင်း ၂၄ လေးနိုင်ငံထိ ရှိလာပြီး ပေါင်းကြည့်လိုက်တော့ စာအိပ်ပေါင်း ၄၁ အိပ်။ တက္ကသိုလ်ထဲ သူငယ်ချင်းတွေကလည်း ပန်းခြင်းတွေ၊ မုန့်တွေ၊ ခွက်တွေ၊ စာရေးကရိယာတွေ စတာတွေနှင့် ကဒ်တွေ ထပ်ပေးခဲ့ကြလို့ ကဒ်ပေါင်း ၄၈ ကဒ်ဖြစ်သွားသည်။ ဖေ့ဘွတ်စ်မှာ ဆုတောင်းပေးနေကြသည့်သူတွေဟာလည်း မိနစ်တိုင်း တက်နေတာမို့ ထောင်ကျော်နေလောက်ပြီလို့ ယူဆရတယ်။ ဒီလိုမျိုးတွေ ဘ၀မှာ ကြုံရပြန်တော့လည်း ကိုယ့်ဘ၀ကို ဘယ်လိုမှန်းမသိအောင် နားမလည်နိုင်ဖြစ်ရသည်။ နံနက်ကတည်းက ဖုန်းတွေ မက်ဆေ့တွေနှင့် မွေးနေ့ဆုတောင်းနေကြသူတွေဟာ ခုထိပါပဲ။ အော် ငါ့ကို ချစ်ကြခင်ကြသူ ရှိနေကြသေးပါလားဆိုတဲ့ အသိစိတ်လေးက ခေါင်းမူး ခေါင်းနောက်ဖြစ်နေတာတွေကိုပါ ပျောက်သွာစေခဲ့သည်။ အများစုကတော့ နိုင်ငံခြားသားတွေပါ။ ကြွားချင်စိတ်နှင့် ရေးလိုက်တာ မဟုတ်ပါ။ ဒီအပေါ်မှာ သာယာမှု ဖြစ်နေတာတော့ အမှန်ပဲ။ ဒါပေမယ့် ခံစားမှုတွေရှိလာလို့ ရေးလိုက်တာပါ။ လူမှုရေးဘက်မှာ အဆင်ပြေတာမဟုတ်ဘူးဆိုတာ ကိုယ့်ကိုကိုယ် အသိဆုံး။ ဘယ်လိုပဲ ဖြစ်နေ မွေးနေ့မှာ သက်ရှိထင်ရှား မိခင်နှင့်ညီအစ်ကို မောင်နှမများအားလုံး အပါဝင်၊ ပီအိပ်ခ်ျဒီအတွက် ထောက်ပံ့ပေးနေကြသည့် ဒကာဒကာမများအားလုံး၊ အားလုံးသော ကျေးဇူးရှင်းများ၊ မွေးနေ့ကဒ်များ၊ လက်ဆောင်များပို့ပေးခဲ့ကြသော ဒကာဒကာမများအားကို အထူး ကျေးဇူးတင်ပါတယ်။ ခင်းဗျားတို့ ဆုတောင်းပေးကြတဲ့အတိုင်း ကျုပ် ကျန်းမာပြီး အသက်ရှည်ချင်ပါတယ်၊ အတောမသတ်နိုင်သော ဆန္ဒတွေနှင့် ပြည့်စုံချင်ပါတယ်။

Filed Under: ,

About the Author

Ashin Mettacara